စွန့်ဦးတီထွင်မှုနှင့် AEC ခေတ်ပြိုင်စီးပွားရေး @ ပြည်မြန်မာ အင်တာဗျူး

စွန့်ဦးတီထွင်မှုနှင့် AEC ခေတ်ပြိုင်စီးပွားရေး @ ပြည်မြန်မာ အင်တာဗျူး

ပြည်မြန်မာ (မေး)။  ။ပထမဆုံးအနေနဲ့ အစ်ကိုတို့ စွန့်ဦးတီထွင်လုပ်ငန်းရှင်လို့ဆိုတဲ့ ဝေါဟာရ အဓိပ္ပယ်ကို အများသိအောင် ရှင်းလင်းပြောကြားပေးပါ။

EntrepreneurSME.com (ဖြေ)။   ။စွန့်ဦးတီထွင်သူဆိုတာ မြန်မာနိုင်ငံမှာ ခေတ်စားလာပါပြီ။ အဓိက စွန်ဦးတီထွင်သူဆိုတဲ့ အဓိပ္ပါယ်ကတော့ ပုံမှန်အားဖြင့် အခြားသောကုမ္ပဏီမှာ ဝန်ထမ်းလုပ်တာထက်စာရင် မိမိကိုယ်ပိုင်လုပ်ငန်းစတင်ထူထောင် ဆောင်ရွက်ကြတာကို စွန့်ဦးတီထွင်လုပ်တယ်လို့ခေါ်ပါတယ်။ စွန့်ဦးတီထွင်သူလို့ ပြောလိုက်တာနဲ့ စကားလုံး ၃ လုံး တွဲပါလာပါပြီ။ နံပါတ် ၁ က စွန့်စားနိုင်ရမယ်။ စွန့်စားတဲ့ နေရာမှာလည်း ပိုင်နိုင်တဲ့တွက်ချက်မှုမျိုးရှိရမယ်။ နံပါတ် ၂ က မိမိကိုယ်တိုင်ခေါင်းဆောင်နိုင်တဲ့လုပ်ငန်းမျိုး၊ ဦးစွာသူများမလုပ်ခင်မှာ လက်ဦးရယူဈေးကွက်ယူဖို့လည်းလိုပါတယ်။ နံပါတ် ၃ အချက်ကတော့ သူများညွှန်ကြားချက်မပါဘဲ ကိုယ်ပိုင်အတွေးအခေါ်နဲ့ တီထွင်ဖန်တီးနိုင်ရမယ်။ သူများမလုပ်နိုင်သေးတဲ့အရာကို လမ်းကြောင်းဖေါက်တီထွင်နိုင်ရမယ်။ စွန့်ဦးတီထွင်သူလုပ်မယ်ဆိုရင် အဓိက အတွေအခေါ်ကောင်းတွေရှိရမယ်။ ဖန်တီးနိုင်တဲ့စွမ်းအားတွေရှိရမယ်။ မိရိုးဖလာစီးပွားလုပ်ကိုင်လာသူမဟုတ်ဘဲ ကိုယ်ပိုင်စီးပွားရေးလမ်းကြောင်းသစ် ထိုးဖေါက်လုပ်ကိုင်နိုင်ရမယ်။ ဒါတွေက အခြေခံလိုအပ်တဲ့ အချက်အလက်တွေ ပါဘဲ။ အခုလက်ရှိ မြန်မာနိုင်ငံကလည်း စီးပွားရေးလမ်းကြောင်းတွေ ပိုမိုတိုးတက်များပြားလာတဲ့အတွက် ရှိပြီးသားလုပ်ငန်းကြီးတွေနဲ့ မလုံလောက်တော့ဘူး။ ထပ်ပြီးတော့ စွန်ဦးတီထွင်လုပ်မဲ့ လူတွေ အများကြီးလိုအပ်လာပါတယ်။

 

မေး။   ။စွန့်ဦးတီထွင်လုပ်ငန်း လုပ်ကိုင်သူတွေနဲ့ မိရိုးဖလာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေ ကြား ကြုံတွေ့နေရတဲ့ အခက်အခဲတွေဘယ်လိုကွာခြားမှုတွေရှိပါသလဲ။

EntrepreneurSME.com (ဖြေ)။   ။လက်ရှိအနေအထားမြန်မာနိုင်ငံမှာ တွေ့ရတာက စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေမှာ နှစ်မျိုးတွေ့ရတယ်။ မိရိုးဖလာလုပ်ကိုင်လာသူတွေရယ်၊ ဆန်းသစ်တီထွင်ပြီးတော့ စတင်လုပ်ကိုင်တဲ့သူဆိုပြီးတော့ရှိတယ်။ မိရိုးဖလာလုပ်ကိုင်လာသူဆိုရင်တော့ အားလုံးကတွေးလို့ရတယ်။ ဒီနေ့လည်း ဒီလမ်းပဲ မနက်ဖြန်လည်း ဒီလမ်းပဲ။ လမ်းဟောင်းအတိုင်းကို လျှောက်ရင်တော့ ပုံမှန်အတိုင်းပဲ ဖြစ်နေမှာ။ သိုသော် ဒီဘက်က စွန့်ဦးတီထွင်လုပ်မဲ့သူကျ တော့ လမ်းသစ်တွေဖေါက်တယ်၊ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ကိုယ်မလျှောက်ဖူးတဲ့ လမ်းတွေကနေ ဖေါက်လုပ်ပြီး လျှောက်တယ်။ အဲ့လိုပုံစံနဲ့ သွားတဲ့အခါမှာ မိရိုးဖလာ လုပ်တဲ့သူတွေက တိုးတက်မှုသိပ်မရှိဘူး။ စွန့်ဦးတီထွင်လုပ်မဲ့ သူတွေအတွက်ကတော့ အခက်အခဲ အများကြီးရှိတယ်။ မိရိုးဖလာလုပ်ကိုင်သူတွေအတွက်က သာမန်အားဖြင့် ခန့်မှန်း လို့ရတဲ့ တိုးတက်မှုမျိုးနဲ့ သွားတယ်။ စွန့်ဦးတီထွင်လုပ်ကိုင်သူတွေကျတော့ ပထမတစ်နှစ်မှာ အမြတ်က သိန်း၅၀ ဖြစ်ရင်ဖြစ်မယ်။ နောက်တစ်နှစ်မှာ သိန်း ၁ဝဝဝ လည်းဖြစ်သွားနိုင်တယ်။ သူတို့တိုးတက်မှုနှုန်းက ပုံမှန်မရှိဘူး။ ဥပမာ ပြောရရင် ကမ္ဘာကျော်လုပ်ငန်းကြီးတွေဖြစ်တဲ့ Alibaba လုပ်ငန်းကြီးတွေမျိုးပေါ့။ ကျွန်တော်ကတော့ လူငယ်တွေ အားလုံးကို စွန့်စားစေချင်တယ်။ စွန့်စားလို့ ဆုံးရှုံးတယ်ဆိုတာ မရှိပါဘူး။ တစ်ခုမဟုတ်တစ်ခု ကိုယ့်အတွက် အမြတ် ဆိုတာရစမြဲပါ။

 

ပြည်မြန်မာ (မေး)။   ။မြန်မာနိုင်ငံကို အာဆီယံ စီးပွားရေးကွန်ယက် အဖြစ် AEC စတင်ဆောင်ရွက်တဲ့အချိန်မှာ စွန့်ဦးတီထွင်သူ အနေနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲတွေကို ပြောပြပေးပါ။

EntrepreneurSME.com (ဖြေ)။   ။AEC တရားဝင်လုပ်ငန်း မစတင်သေးပေမဲ့ လုပ်ငန်းသဘောအရ  ၂ဝ၁၆ ဇန်နဝါရီ ၁ ရက်ကစပြီး အသက်စဝင်ပါပြီ။ အာဆီယံ ဒေသတွင်းမှာ ဈေးကွက်ပြိုင်ဆိုင်မှု ပုံစံတွေပေါ်လာမယ်။ SME မှာ အာဆီယံနိုင်ငံအချင်းချင်း တစ်ဖက်က ထုတ်လုပ်သူ နှင့် တစ်ဖက်ကရင်းနှီးမြုပ်နှံမှုတွေ ပူးပေါင်း လုပ်ကိုင်တာတွေတိုးမြင့်လာမယ်။ လက်ရှိပြည်တွင်း ဈေးကွက်မှာပဲဆိုရင် သန်း ၅ဝ ပေါ့။ အာဆီယံ ဒေသတွင်းလွတ်လပ်စွာကုန်သွယ်မှုရရှိလာတဲ့အခါ သန်း ၆ဝဝ ကျော် ကုန်သွယ်ခွင့်ရရှိမယ်။ ခြုံငုံပြီး သုံးသပ်ရမယ်ဆိုရင် ဈေးကွက်ကအများကြီးကျယ်လာမယ်။ ဈေးကွက်ပုံစံမှာ အခွင့် အလမ်းတွေရော၊ စိန်ခေါ်မှုတွေရော ဒွန်တွဲလာပါမယ်။ တစ်ဖက်က စွန့်ဦးတီထွင်မှုနဲ့ ချိတ်ဆက်ပြီးတွေ့တဲ့အခါမှာ မူရင်း ရှိရင်းစွဲစီးပွားရေးလုပ်ငန်းတွေအပြင်မှာ စွန့်ဦးတီထွင်သူတွေ များများပေါ်ထွက်လာမှရမယ်။ အဲ့ဒီ အတွက်လည်း ကျွန်တော်တို့အနေနဲ့ UN အဖွဲ့အစည်းတွေ၊ စီးပွားရေးအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ (သင်တန်းပေးတာ + အကြံညာဏ်ပေး + စီးပွားရေးတွေချိတ်ဆက်ပေး) အပြင်မှာ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေဖြစ်တဲ့အထိ တာဝန်ယူပေးတဲ့ ဆောင်ရွက်ပေးနေပါတယ်။

အကြံပြုချင်တာကတော့ ပြည်တွင်းက စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအားလုံး နိုင်ငံတကာနဲ့ ရင်ပေါင်တန်းဆောင်ရွက်နိုင်ဖို့ အသစ်အဆန်းတွေ၊ အတွေးအခေါ်တွေပြောင်းလဲပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်ပါတယ်။ Think Global – Act Local ပေါ့ ပြည်တွင်းဈေးကွက်ကိုပဲ မကြည့်ဘဲ နိုင်ငံတကာဈေးကွက်ကိုပါ ကြိုတင်လေ့လာထားသင့်ပါတယ်။ နောက်တခုက စွန့်ဦးတီထွင်သူတွေ အနေနဲ့ စိတ်ဓါတ်ကျစရာမလိုဘူး။ ပိုက်ဆံမရှိပေမဲ့လည်း လုပ်ငန်းသစ်တွေကို အကောင်အထည်ဖေါ်လုပ်ကိုင်နိုင်တာတွေ အများကြီးရှိပါတယ်။ Alibaba ထူထောင်သူ Jack Ma ဆိုရင် သူဟာပိုက်ဆံမရှိပါဘူး သို့သော် အခုအချိန်မှာ သန်းကြွယ်သူဌေး ဖြစ်နေတယ်။ ဘာကြောင့်လည်းဆိုရင် လုပ်တတ်ဖို့ပဲ လိုအပ်တယ်။ လုပ်ငန်းတွေကို ဘယ်လိုပေါင်းစပ်လုပ်ကိုင်မလဲ။ ကိုယ့်လုပ်ငန်းအတွက် အထောက်အကူပြုပေးနိုင်မယ့် အဆက်အသွယ်တွေ ဘယ်လိုချိတ်ဆက်မလဲ စတဲ့ ကိုယ့်ဘက်ကကျွမ်းကျင်မှုတွေ ပြည့်စုံဖို့လိုအပ်လာပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်စီးပွားရေးမှာ Economic Scale အလားအလာတွေဟာ အများကြီးဖြစ်လာသလို ထိုအခွင့်အလမ်းတွေကို ဖန်တီးပြီး အောင်မြင်တဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင်များဖြစ်စေဖို့ အကြံပြုအားပေးလျှက်။

(အပိုင်း - ၂) တွင် (AEC Myanmar Outlook - အာဆီယံ-မြန်မာ စီးပွားရေးအလားအလာ) ခေါင်းစဉ်ဖြင့် Mizzima Media အင်တာဗျူးမှတ်တမ်းများအား ဆက်လက်ဖော်ပြသွားပါမည်။

EntrepreneurSME.com အနေဖြင့် MRTV-4, Mizzima Media, MCN, ပြည်မြန်မာ, City FM စတဲ့ သတင်းမီဒီယာများတွင် စီးပွားရေးသုံးသပ်ချက်အင်တာဗျူးများအား ဆောင်ရွက်ပေးလျှက်ရှိပါသည်။ အင်တာဗျူးလိုသော သတင်းမီဒီယာများအနေဖြင့် EntrepreneurSME.com (09 788 888 434) သို့ ဆက်သွယ်နိုင်ပါသည်။

စီးပွားရေးအကြံပေး - Zin Phyo Paing (Founder, www.EntrepreneurSME.com) မှ အကြံပြုဖြေဆိုသည်။

 

Share this Post: