အသက်ကြီးသော်ငြား ဇွဲမလျော့သည့် KFC ကြက်ကြော်ဆိုင်ကို စတင်ခဲ့သူ

အသက်ကြီးသော်ငြား ဇွဲမလျော့သည့် KFC ကြက်ကြော်ဆိုင်ကို စတင်ခဲ့သူ
Share this Post:

KFC ဆိုတာ အမေရိကန် ကြက်ကြော်တစ်မျိုးကို ခေါ်ဆိုတာ အခု ရန်ကုန်မှာ KFC ဆိုင် စဖွင့်နေပြီမို့ လူအတော်များများ သိနေလောက်ပါပြီ။ KFC ရဲ့ အရှည်ကောက်က Kentucky Fried Chicken ပါ။ ဒါပေမဲ့ KFC ဆိုင်ကို လွန်ခဲ့တဲ့ အနှစ် ၆၀ လောက်က အမေရိကန်နိုင်ငံမှာ စတင်ဖွင့်လှစ်ခဲ့သူ ကာနယ်ဆင်းဒါး ( ColonelSanders ) ဆိုတဲ့ အဖိုးကြီးကိုတော့ သိသူနည်းပါးလိမ့်မည်။ ကြက်ကြော်ဆိုင်လေးတစ်ခု ဖွင့်ခဲ့တဲ့ လူတစ်ယောက်အကြောင်းကို ဘာလို့ ထူးထူးထွေထွေ ရေးပြရလဲဆိုတာ သိရအောင် ဆက်ဖတ်ကြည့်လိုက်ပါ။

ကာနယ်ဆင်ဒါးရဲ့ ငယ်ဘ၀အကြောင်းတွေ ရေးပြနေရင် စာရှည်နေမှာစိုးလို့ သူ ဘယ်လိုကနေ KFC ဆိုင် ဖွင့်ခဲ့သလဲဆိုတဲ့ အကြောင်းကိုပဲရေးပြပါမယ်။

ကာနယ်ဆင်းဒါးဟာ စစ်တပ်က ဗိုလ်မှူးကြီးရာထူးကနေ ပင်စင်ယူပြီးတော့ ကြက်သားကြော်ရောင်းတဲ့ စားသောက်ဆိုင်လေးတစ်ခု ဖွင့်လှစ်ရောင်းချတယ်။ သူ့ဆိုင်ဟာ အတော်လေး ရောင်းကောင်းနေလို့ စီးပွားရေး အဆင်ပြေနေပါတယ်။ ဒါပေမဲ့ ၄ နှစ်လောက်ကြာမှာ ကံကြမ္မာအလှည့်အပြောင်းကြောင့်လို့ဆိုရမလားပဲ သူ့ရဲ့ကြက်ကြော်ဆိုင် စီးပွားရေး ချက်ခြင်းပျက်စီးသွားတယ်။

အဲဒါက ၁၉၅၆ ခုနစ်မှာပါ။ သူ့ရဲ့ ကြက်ကြော်ဆိုင်နဲ့ အတော်ဝေးဝေးမှာ လူနေအဆောက်အဦးသစ်တွေ အများကြီးပေါ်လာလို့ သူ့ဆိုင်ကိုလာစားတဲ့ လူတွေ မရှိသလောက်ဖြစ်သွားတယ်။ ဒါကြောင့် အရူံးပေါ်နေတဲ့ သူ့ဆိုင်ကို ပိတ်ပစ်လိုက်ရတယ်။ သူ့ဆိုင် အဆောက်အဦးနဲ့ မြေကွက်ကို ဒေါ်လာ ၇၅ ၀၀၀ နဲ့ရောင်းချလိုက်ပြီး သူ့မှာတင်နေတဲ့ အကြွေးတွေကို ဆပ်လိုက်ရလို့ လက်ထဲမှာ ရောင်းရငွေ တစ်ပြားမှ မကျန်တော့ဘူး။

အဲဒီအချိန်မျာ ကာနယ်ဆင်းဒါးဟာ အသက် ၆၅ နှစ်အရွယ် ဖြစ်နေပြီ။ ပင်စင်လစာလေး ၁၀၅ ဒေါ်လာပဲ လစဉ်ရတော့တယ်။်တကယ်လို့ သူ့နေရာမှာ သာမန်လူတွေဆိုရင် ဘယ်လိုစဉ်းစားမလဲ။ အသက်ကလဲကြီးပြီ၊ ကောင်းနေတဲ့ စီးပွားရေးကလဲ ချက်ခြင်းပျောက်သွားပြီ။ လက်ထဲမှာလဲ လစဉ် မဖြစ်စလောက် ပင်စင်လေးပဲ ရှိတော့တယ်။ မထူးတော့ပါဘူးကွာ။ လောကကြီးဟာ မတရားဘူး။ လက်မြှောက်အရူံးပေးပါတယ်ဆို ပြီး လက်လျှော့ လိုက်ကြမှာပါ။ ဒါပေမဲ့ ကာနယ် ဆင်းဒါးဟာ ဘ၀ကို လွယ်လွယ်နဲ့ အရူံးပေးတဲ့လူစားမျိုး မဟုတ်ပါဘူး။

ဒီတော့ သူဘာလုပ်သလဲ။ သူ့လက်ထဲမှာ ငွေနည်းနည်းလေးပဲရှိတယ်။ ဒါပေမဲ့ အရသာအင်မတန်ရှိတဲ့ ဘိုးဘွားအစဉ်အဆက်က ရထားတဲ့ ကြက်သားကြော်လုပ်တဲ့ နည်းနာတစ်ခုကို ပိုင်ဆိုင်ထားတယ်။ သူ့နည်းနဲ့လုပ်ထားတဲ့ ကြက်ကြော်ကို လူတွေ အရမ်းကြိုက်ကြမယ်လို့ သူယုံကြည်နေတယ်။

ဒါကြောင့် သူ့ကိုယ်ပိုင် ဖို့ဒ်မော်တော်ကားဟောင်းလေးကို ကိုယ်တိုင် မောင်းပြီး အမေရိကန်နိုင်ငံအတွင်းက စားသောက်ဆိုင်တွေကို သွားပြီး သူ့ကြက်သားကြော်လုပ်နည်းဝယ်မဲ့သူ လိုက်စပ်တယ်။ စားသောက်ဆိုင်တစ်ခုရောက်ရင် သူကိုယ်တိုင် ကြက်တစ်ကောင်ကို ခုတ်ထစ်၊ ပြီးတော့ သူ့နည်းနဲ့ ဖော်စပ်ထားတဲ့ ဟင်းခတ်အမွှေးကြိုင်တွေနဲ့ ရောနယ်ပြီး ကြက်သားကြော်တယ်။ ပြီးတော့ ဆိုင်က လူတွေကို သူ့ကြက်သားကြော်ကို မြည်းစားကြည့်ခိုင်းတယ်။  ဆိုင်အတော်များများက သူ့ကြက်ကြော်အရသာကို ကြိုက်ကြပေမဲ့ သူ့ ကြက်ကြော်လုပ်နည်းကို ၀ယ်ဖို့တော့ စိတ်မ၀င်စားကြဘူး။

အမေရိကန်နိုင်ငံအနှံက စားသောက်ဆိုင်တွေကို တစ်ဆိုင်ဝင် တစ်ဆိုင် ထွက်နဲ့ လိုက်စပ်လိုက်တာ တစ်နှစ်နီးပါးကြာမှ သူ့နည်းကိုဝယ်မဲ့သူတစ်ယောက်တွေ့တော့တယ်။ အဲဒီလူမတိုင်ခင်အထိ သူ့ကြက်ကြော်နည်းဝယ်ဖို့ ငြင်းပယ်တာကို ကာနယ်ဆင်းဒါး ဘယ်နှစ်ကြိမ် ကြုံခဲ့ရတယ်ထင်သလဲ။ စုစုပေါင်း ( ၁၀၀၉ ) ကြိမ် ငြင်းပယ်ခံရတယ်။ အာဂအဖိုးကြီးပဲ။

ကာနယ်ဆင်းဒါးဟာ သူ့ကြက်ကြော်နည်းကို အပြီးအပြတ် ရောင်းလိုက်တာ မဟုတ်ပါဘူး။ ကြက်ကြော်တစ်တုံး ရောင်းရတိုင်း သူ့ကို ကော်မရှင်ခတစ်ဒေါ်လာပေးရမယ်။ ဆိုင်ကိုလဲ KFC လို့နာမည် တပ်ပြီး ကြက်သားကြော်တာကိုလဲ သူ့ကို ကြီးကြပ်ခွင့်ြ့ပုရမယ်လို့ တောင်းဆိုပါတယ်။

၁၉၆၄ ခုနစ်လောက်မှာ အမေရိကန်နိုင်ငံမှာ KFC ကြက်ကြော်ဆိုင်ခွဲပေါင်း ၆၀၀ လောက် ဖြစ်လာတယ်။ နော်ဆုံး ကာနယ်ဆင်းဒါးဟာ သူကြီးကြပ်နေတဲ့  KFC ဆိုင်ခွဲတွေကို ဒေါ်လာ ၂ သန်းနဲ့ ရောင်းချလိုက်ပါတယ်။ ဒါပေမဲ့ KFC နဲ့ ပတ်သတ်တံ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ယောက်အဖြစ် ဆက်လက်လုပ်နေခဲ့ပါတယ်။

ယနေ့ KFC ဆိုင်ရှေ့တွေမှာ ပြထားတဲ့ ဘောင်းဘီရှည်အဖြူ၊ ကုတ်အကျီင်္အဖြူ ၊ ဆံပင်မုတ်ဆိတ်အဖြူနဲ့ မျက်မှန်တပ်ပြီး တုတ်ကောက်ကိုင်းထားတဲ့ အဖိုးကြီးရုပ်ထုဟာ KFC စတင် တီထွင်ခဲ့တဲ့ ကာနယ်ဆင်းဒါး ဖြစ်ပါတယ်။

ကာနယ်ဆင်းဟာ ၁၉၈၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၆ ရက် အသက် ၉၀ အရွယ်မှာပဲ ကင်တာကီမြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူကွယ်လွန် ချိန်မှာ KFC ဆိုင်ခွဲပေါင်း ၆၀၀၀ ကျော်ဟာ နိုင်ငံပေါင်း ၄၈ နိုင်ငံမှာ ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။

 

၂၀၁၇ နှစ်သစ်မှာ အားလုံးအောင်မြင်ပါစေကြောင်း ဆုမွန်တောင်းလျှက်ပါ…

 

Credit by - ဆရာ ဗန်းမော်သိန်းဖေ

 

Myanmar Entrepreneur SME Institute (MESI) သင်တန်းကျောင်း

(ရန်ကုန်၊ မန္တလေး၊ မကွေး၊ တောင်ကြီး၊ ပဲခူး၊ ကလေး၊ မုံရွာ၊ မြစ်ကြီးနား)

www.EntrepreneurSME.com (စီးပွားရေးစီမံခန့်ခွဲမှု အခမဲ့ဝဘ်ဆိုဒ်)

 



ESME Logo